Tips to look 10 years better
နန်းအိအိဇာ
လှအပကို ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း နှစ်အလိုက် ပြောင်းလဲလာတဲ့ မိမိရဲ့ အလှအပပေါ်မှာ ဂရုပြု သတိထားမိကြမှာပါပဲ။ အသက် ၃၅ ကျော်လို့ ၄၀ နား ရောက်
လာရင် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ ရှိလာတတ်ပါတယ်။ ဒီအခြေအနေမျိုးကို မှန်ထဲမှာ မြင်ရင် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိမှာ
အမှန်ပါပဲ။ ဒါကြောင့် ငယ်ရွယ်နုပျိုလိုတဲ့ အမျိုးသမီးများအတွက် ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်ခန့် ပိုငယ်သွားသယောင် ထင်ရမယ့် အခြေခံမိတ်ကပ် လိမ်းခြယ်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ရပါတယ်။
အောက်ခံ မိတ်ကပ်
Base
အောက်ခံမိတ်ကပ်အရောင်ကို ရွေးချယ်မယ်ဆိုရင် ငယ်ရွယ်ပြီး ကြည့်ရတာ စိုပြည် လန်းဆန်းနေစေမယ့် သနပ်ခါးရောင် (အဝါနုရောင်) ကို ရွေးချယ်သင့်ပါတယ်။ အဓိကကတော့ မိမိရဲ့ နဂို အသားအရောင်ထက် အနည်းငယ် ပိုဖျော့တဲ့ အရောင်ဆိုရင် ပိုပြီး အဆင်ပြေစေပါတယ်။ ဒီ့ပြင် မိတ်ကပ်သား ထူထူပျစ်ပျစ်ကြီးတွေထက် အရည်ပုံစံက မျက်နှာရဲ့ ပုံသဏ္ဌာန်အလိုက် ထင်ရှားလှပပေါ်လွင်စေမှာပါ။
မိတ်ကပ်ဖုံးကွယ်ဆေး
Concealer
မိတ်ကပ် ဖုံးကွယ် ဆေးတောင့်ကိုတော့ အောက်ခံမိတ်ကပ် လိမ်းအပြီးမှာ တစ်ပြိုင်နက်တည်း အရောင်သမမျှတသွားအောင် ရောစပ်လိမ်းပေးပါ။ လိမ်းတဲ့အခါ သတိထားရမှာက မျက်ဝန်းတစ်ဝိုက်ကို စက်ဝိုင်းပုံစံ အဖြူအဝိုင်းကြီးကို မလိမ်းမိစေဖို့ပါပဲ။ ဒါဟာ မျက်နှာကို ဝမ်းနည်းတဲ့ ပုံစံ ဖြစ်ပေါ်စေလို့ပါပဲ။ ဒါကြောင့် concealer ကို
မျက်ဝန်းတစ်ဝိုက် လိမ်းပေးလိုတယ်ဆိုရင် မျက်ခွံတစ်ဝိုက်ကို အောက်ခံမိတ်ကပ် မလိမ်းခင်မှာ အရင်လိမ်းပေးထားသင့်ပါတယ်။ ဒါမှသာ ကြည့်ရတာ သစ်လွင် လတ်ဆတ်နေစေမှာပါ။
ပါးနီ
Blusher
ပါးနီကိုတော့ လင်းတဲ့အရောင်ကို သုံးစွဲစေချင်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း ပါးနီအခဲထက် ခရင်မ်ပုံစံကို ရွေးချယ်လိမ်းပေးစေလိုပါတယ်။ ခရင်မ်ကို အစက်ချပြီး ပါးမို့မို့ တစ်လျှောက်မှာ အလိုက်သင့်လေး လိမ်းပေးပါ။ ပြီးမှ နည်းနည်းရင့်တဲ့ အရောင်ကို ပါးရိုးအောက်ဘက်မှာ ဖြည့်ပြီး လိမ်းပေးပါ။ ချိုင့်ခွက်ငယ် ပုံသဏ္ဌာန်ဖြစ်အောင်
မလိမ်းခြယ်မိဖို့ပါပဲ။
မျက်ဝန်းကို ရှဲဒိုးခြယ်ခြင်း
Eye Shadow
ရှဲဒိုးကိုတော့ ခရင်မ်ပုံစံ ရှောင်ရှားသင့်ပါတယ်။ အကြောင်းရင်းကတော့ ခရင်မ်က မျက်ခွံပေါ်မှာ လိမ်းလိုက်ရင် အသားအရေနဲ့ တစ်သားတည်း မကျစေဘဲ လှိုင်းအ
တွန့်တွန့် ခေါက်ချိုးရာများသဖွယ် ဖြစ်နေစေလို့ပါပဲ။ အကောင်းဆုံးကတော့ အမှုန့် ပုံသဏ္ဌာန်နဲ့ ထုတ်လုပ်ထားတဲ့ ရှဲဒိုးအကွက်များကို ရွေးချယ်ပါ။ အနက်ရောင်နဲ့ ပြိုးပြိုး
ပြက်ပြက် အလက်တွေ တအားပါတဲ့ ရှဲဒိုးကို မဆိုးမိစေဖို့ပါပဲ။ ပိုပြီး ရင့်ရော်စေတဲ့ အသွင်ဆောင်နေစေလို့ပါ။
လိုင်နာ
Eye liner
မျက်ဝန်းအလှကို ပေါ်လွင်စေတဲ့ မျက်လုံးကို လိုင်နာဆိုးတဲ့အခါမှာ အညိုရောင် ဒါမှမဟုတ် မီးခိုးရောင် ခဲတံလိုင်နာကို ရွေးချယ်ပြီး လိမ်းပေး ပါ။ လိုင်နာအရည်က
သုံးစွဲရ ခက်ခဲပြီး သုံးထားမှန်း သိသာထင်ရှားစေလို့ ရှောင်ရှားသင့်ပါတယ်။ ကာခြယ် ခဲတံကြီးများဟာလည်း သုံးစွဲလိုက်ရင် ထင်းထင်းကြီး ဖြစ်နေစေတာကြောင့် လိုင်
နာဆိုးတဲ့ အခါမှာ မျက်လွှာရဲ့ အတွင်းပိုင်းထဲကို ထင်းထင်းကြီး မဆိုးမိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။
မျက်ခုံး
Eyebrows
မျက်ခုံးမွေး ဆွဲတဲ့အခါမှာ မိမိနဂို မျက်ခုံးမွေးထူထူ ရှိနေပြီးသား သူက ပုံစံကျနအောင်သာ ခပ်ဖျော့ဖျော့ ဆွဲပေးပါ။ ဆွဲတဲ့အခါမှာလည်း ထူထူပြားပြားကြီး ဖြစ်မနေဖို့
အရေးကြီးပါတယ်။ ခပ်သေးသေးမျှင်မျှင်လေး ဆွဲပြန်ရင်လည်း ခေတ်မမီတော့မှာ စိုးရတာကြောင့် အနေတော် ခဲတံကိုပဲ ရွေးချယ်သုံးစွဲပေးပါ။
နှုတ်ခမ်းနီ
Lip color
နှုတ်ခမ်းနီအရောင်ကို ရွေးချယ်တဲ့အခါ လင်းတဲ့ အရောင်ဘက်ကို ပိုပြီး ရွေးချယ်သင့်ပါတယ်။ အဓိကအားဖြင့် နှုတ်ခမ်းနီတွေမှာ နှုတ်ခမ်းသားကို ခြောက်သွေ့ခြင်း၊
ကွဲအက်ခြင်းတို့မှ ကင်းေဝးစေတဲ့ အစိုဓာတ်ပါတဲ့ နှုတ်ခမ်းနီမျိုးကို ရွေးချယ်ပေးပါ။ ဒါမှသာ နှုတ်ခမ်းသား နူးညံ့လှပစေပြီး ငယ်ရွယ်နုပျိုစေမှာ ဖြစ်ပါတယ်။ အကယ်၍
လေးဆယ် အရွယ်ရောက်တဲ့အခါမှာ နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းနီအပေါ် အောက်အနားသပ်တွေကို lipliner ခဲတံနဲ့ သေးသေးမျှင်မျှင်လေး အရောင်ကောက်ကြောင်း ပေါ်
အောင် ဆိုးပေးပါ။ ပြီးမှ နှုတ်ခမ်းနီကို မိမိ နှစ်သက်တဲ့ အရောင်ဆိုးပေးတဲ့အခါ lipliner အရောင်နဲ့ သမမျှတသွားအောင် ဆိုးပေးပါ။
ပေါင်ဒါ
Powder
ပေါင်ဒါကိုတော့ ကြည်လင်ဝင်းပတဲ့ အရောင်ကို ရွေးချယ်စေလိုပါတယ်။ အောက်ခံမိတ်ကပ်ထက် အနည်းငယ် ပိုဖျော့တဲ့အရောင်ကို ရွေးချယ်ပါ။ အကယ်၍ ဝါကြင့်
ကြင့် အရောင်ဘက်ကို ကြိုက်နှစ်သက်ခဲ့ရင်တော့ အောက်ခံမိတ်ကပ်ကို ပေါင်ဒါမှုန့်ထက် ဖျော့တဲ့အရောင်ကို လိမ်းပေးပါ။ ပေါင်ဒါ လိမ်းတဲ့အခါမှာ အမြဲတမ်း နူးညံ့ညင်
သာစွာ လိမ်းပေးပါ။ မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေကို ဖုံးကွယ်စေနိုင်ဖို့ ပေါင်ဒါမှုန့် လိမ်းပြီးတဲ့အခါ ပေါင်ဒါအခဲနဲ့ ထပ်ပြီး အပေါ်ကနေ တို့ဖိကာ လိမ်းပေးပါ။
ညနေဘက် ပွဲနေပွဲထိုင်သွားတဲ့အခါ မိတ်ကပ်ကို လင်းလက်တောက်ပပြီး ပေါ်လွင်ထင်ရှားတဲ့ အလှပိုင်ရှင်အဖြစ် ပြောင်းလဲပြင်ဆင်ပေးရမှာပါ။ ဆွဲဆောင်မှုရှိတဲ့ အလှအဖြစ်
ဖန်တီးတဲ့နေရာမှာ ပါးနီနဲ့ နှုတ်ခမ်းနီကို ပိုပြီး ပေါ်လွင်အောင်လို့ အရောင်အနုအရင့် စပ်ဆိုးပေးနိုင်ပါတယ်။ ရှဲဒိုးကိုလည်း မျက်ခွံရဲ့အလယ်မှာ အရောင်ရင့်ဆိုးပေးပြီး မျက်
ရစ်ပေါ်မှာပါ ဆိုးပေးပါ။ မိမိရဲ့ နဂိုအသားအရောင်ထက် ပိုရင့်တဲ့အရောင်ကို ရွေးပြီး ဆိုးပေးလိုက်တဲ့အခါ ပေါ်လွင်လှပမှုကို တွေ့မြင်ရမှာပါ။ မျက်တောင်ကော့ဆေးကိုတော့ တစ်မျှင်ချင်း ကော့ရွှန်း လှပစေတဲ့ mascara ကို ရွေးပါ။ သိပ်ထူထူပျစ်ပျစ်ကြီး ဖြစ်စေမယ့် မျက်တောင်ကော့ဆေးကို ရှောင်ရှားသင့်ပါတယ်။
မိတ်ကပ်လိမ်းခြယ်မှု ပြီးသွားရင်တော့ မိမိရဲ့ ကြော့ရှင်းလှပတဲ့ လည်တိုင်မှာ ပုလဲဆွဲကြိုး ဒါမှ မဟုတ် စိန် (သို့) ပတ္တမြား လော့ကတ်သီးလေး ပါတဲ့ ဆွဲကြိုးကို ဆွဲဖို့ မမေ့ပါ
စေနဲ့။ လက်ဝတ်ရတနာ မဆင်မြန်းလိုပါက ဖျော့တဲ့အရောင် (သို့) တောက်ပတဲ့အရောင် ဖြစ်တဲ့ လည်စည်းပဝါ တစ်ခုခုကို လွှမ်းခြုံထားရင်း ပွဲတက်တဲ့အခါမှာ မိမိဟာ ကျက်သရေ ရှိပြီး ကြော့ရှင်းလှပတဲ့ ခေတ်မီတဲ့ အမျိုးသမီးတစ်ဦးအဖြစ် တွေ့မြင်နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့နည်းတွေဟာ အမျိုးသမီးတိုင်း ရှိရင်းစွဲ အသက်ထက်ကို ၁၀ နှစ် ပိုပြီး ငယ်ရွယ်နုပျို လှပသွားစေနိုင်တဲ့ အကြံပြုချက်များဖြစ်တာကြောင့် အမျိုးသမီးများ လက်တွေ့ အမြန်ဆုံးလေး လိမ်းခြယ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။