ပါမောက္ခ ခင်မောင်ဝင်း (အသည်း)
အသည်းရောဂါ အထူးကု ဆရာဝန်ကြီး
စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သမီးကြီး မင်းမင်းဝင်းနဲ့ သူ့အမျိုးသား မိုးဇော်ဟိန်းတို့ ခွင့်ယူပြီး မြန်မာပြည်ကို ပြန်လာလည်တာနဲ့ သူတို့နဲ့အတူ ပုဂံကို သွားလည်တဲ့ အကြောင်းတွေ ရေးနေပါတယ်။
ဦးဘညိန်း (ယွန်းထည်ဆိုင်)
ကျွန်တော် ပုဂံကို ပထမဆုံးရောက်ဖူးတဲ့ ၁၉၇၅ ခုနှစ် လောက်ကတည်းက ယွန်းထည်ပစ္စည်း ဝယ်မယ်ဆိုရင် ဦးဘညိန်းဆိုင်ကိုပဲ သွားလေ့ရှိပါတယ်။ ဘယ်လိုက ဘယ်လို ဆက်စပ်သွားလည်းဆိုတော့ ပုဂံက ကျွန်တော့်မိတ်ဆွေတွေက ယွန်းထည်ဝယ်မယ်ဆိုရင် ဦးဘညိန်း ယွန်းဆိုင်က အကောင်းဆုံးပဲ ဆိုပြီး ညွှန်းလိုက်တာနဲ့ ယွန်းထည် သွားဝယ်ရင်း ဦးဘညိန်း မိသားစုနဲ့ မိတ်ဆွေ ဖြစ်သွားတာပါ။
ကျွန်တော့် အမြင်ကို ပြောရရင်တော့ ဦးဘညိန်းဆိုင်ဟာ တကယ်လည်း ကြီးတဲ့ ယွန်းထည်ဆိုင်ကြီးလို့ မြင်ပါတယ်။ ပစ္စည်းတွေလည်း စုံလင်တယ်၊ မိသားစုလုပ်ငန်းဆိုတော့ ဆက်ဆံရေးကလည်းကောင်း၊ ဧည့်ခံလည်းကောင်း၊ တော်တော်ကို ဝယ်လို့ကောင်းတဲ့ ယွန်းထည်ဆိုင်လို့ ပြောချင်ပါတယ်။
ဒီလုပ်ငန်းကို စတင် ထူထောင်ခဲ့တဲ့ ယွန်းထည် ဖခင်ကြီး ဦးဘညိန်းကတော့ ၁၉၈၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ကြင်ကတော့ ၁၉၈၇ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ ဦးဘညိန်းနဲ့ ဇနီး ဒေါ်ကြင်က နေပြီး သမီး လေးယောက် ထွန်းကားခဲ့ပါတယ်။ အကြီးဆုံးသမီး ဒေါ်မြကြည်က အခု ၇၈ နှစ် ဖြစ်နေပါပြီ။ ဒုတိယသမီး ဒေါ်စန်းမေက ၆၇ ခုနှစ်၊ တတိယသမီး ဒေါ်ခင်စန်းက ၆၃ နှစ်နဲ့ အငယ်ဆုံး ဒေါ်ရီလေးတောင် အသက် ၆၀ ဖြစ်နေပါပြီ။ တတိယသမီး ဒေါ်ခင်စန်းနဲ့ သူ့အမျိုးသား ဦးစန်းမြင့်တို့ကတော့ ကျွန်တော်နဲ့ အရင်းနှီးဆုံးပေါ့။ ဘာလို့တုံးဆိုတော့ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ဒေါ်ခင်စန်း သည်းခြေကျောက်တည်လို့ ကျွန်တော့်နဲ့ လာပြခဲ့ဖူးလို့ပါ။ အဲဒီတုန်းက သည်းခြေကျောက် ကို အပေါက်လေး ဖောက်ပြီး ခွဲတဲ့ (keyhole system)၊ ဒါမှမဟုတ် လက်ပရိုစကုတ်ပစ်ဆာဂျရီး (laproscopic surgery) နည်းစနစ်နဲ့ ခွဲနေတဲ့ ကာလ ဖြစ်ပါတယ်။ ဒေါ်ခင်စန်းကို အဲလို အပေါက်လေး ဖောက်ပြီး သည်းခြေအိတ်ကို ခွဲထုတ်လိုက်တာ ကံဆိုးစွာနဲ့ အတွင်းမှာ သည်းခြေရည် စိမ့်ထွက်ပြီး ဒေါ်ခင်စန်း တစ်ယောက် တော်တော် အခြေအနေ ဆိုးသွားပါတယ်။ အထူး ကြပ်မတ်ဆောင်လို့ ခေါ်တဲ့ Intensive Care Unit ICU ထဲမှာ တစ်လနည်းပါးလောက် နေလိုက်ရပြီး သေကံမရောက် သက်မပျောက်နဲ့ နောက်ဆုံးတော့ ပြန်ကောင်းသွား ပြီး ဒီနေ့အထိ ကျန်းကျန်းမာမာနဲ့ ယွန်းထည်လုပ်ငန်းတွေကို ဆက်ပြီး လုပ်နေနိုင်ပါတယ်။ အဲဒီလို အထူး ကြိုးစားပြီး အသက်ကယ် ကုပေးခဲ့တဲ့ လူနာတစ်ယောက်ဆိုတော့ ကျွန်တော် ပုဂံရောက်တိုင်း ဒေါ်ခင်စန်းကို သွားသွားကြည့်ရပါတယ်။
ကျွန်တော် ဘာလို့ ဒီလောက်တောင် ဦးဘညိန်း ယွန်းထည်ဆိုင် မိသားစုအကြောင်း အသေးစိတ်တွေ ရေးနေရတာလည်းဆိုတော့ မြန်မာ့ရိုးရာ ယွန်းထည် လုပ်ငန်းကြီးကို မိရိုးဖလာ ထိန်းသိမ်းစောင့်ရှောက်လာပြီး မြန်မာ့ယဥ်ကျေးမှု အနုပညာ အစဥ်အလာကို စဥ်ဆက်မပြတ် အောင်အောင်မြင်မြင် ထိန်းသိမ်းလုပ်ကိုင်လာတဲ့သူတွေကို တအံ့တသြနဲ့ ချီးမွမ်းချင်လို့ သူတို့အကြောင်းကို မှတ်တမ်းတင်ရမယ်ဆိုပြီး ကျွန်တော့် စိတ်ထဲမှာ ခံစားမိရတဲ့အတွက် လေးစားထိုက်သူတွေကို ဂုဏ်ပြုရင်းနဲ့ ရေးနေတာပါ။
မြန်မာ့ရိုးရာ ယွန်းပညာ
ယွန်းထည်ကို အင်္ဂလိပ်လို လက်ကဝဲယား (laqure ware) လို့ ခေါ်ပါတယ်။ လက်ကာ (lacquer) ဆိုတာက အင်္ဂလိပ်လို liquid that is used on wood or metal to give it a hard shining surface လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဆိုလိုတာက သစ်သား ဒါမှမဟုတ် သတ္တိကို ပြောင်လက်နေအောင် အပေါ်ယံက သုတ်တဲ့ ဆေးရည်လို့ ဆိုလိုပါတယ်။ မြန်မာ့ယွန်းထည်မှာ လက်ကာအဖြစ် သုံးတာကတော့ သစ်စေးပေါ့။ အဲလို ပြောင်နေအောင် လက်ကာနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လက်ကာဝဲယား (lacquer ware) လို့ ခေါ်ပါတယ်။ မြန်မာလို ပြန်လိုက်တော့ လက်ကဝဲယားဆိုတာ ယွန်းထည်ပစ္စည်းပေါ့။
နိုင်ငံတော် အစိုးရကတော့ မြန်မာ့ ယွန်းထည် အတတ်ပညာ သင်ပေးတဲ့ ကျောင်းကြီးလည်း ဖွင့်ပေးထားတယ်၊ ယွန်းထည်ပစ္စည်းတွေ စုစည်းတင်ပြထားတဲ့ ပြတိုက်လည်း ဖွင့်ပေးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီနေရာတွေကို မရောက်ဖြစ်ဘဲ ကိုယ်နဲ့ နီးစပ်ခင်မင်ရာ ဦးဘညိန်းယွန်းဆိုင်ကိုပဲ ရောက်ဖြစ်တော့ အဲဒီဆိုင်မှာပဲ ယွန်းလုပ်ငန်း တွေကို လေ့လာခဲ့ပါတယ်။
ဒီလို ယွန်းထည်လုပ်ငန်း၊ ယွန်းထည်ပစ္စည်းတွေအကြောင်းကို ကျွန်တော်နဲ့ အဓိက စကားပြော ဖြစ်တာက ဦးဘညိန်းရဲ့ သမက် ဒေါ်ခင်စန်းရဲ့ ခင်ပွန်း ဦးစန်းမြင့်ပါ။ ကိုယ်နဲ့လည်း ရင်းနှီးပြီးသား ဆိုတော့ သူတို့ဆိုင်ကိုသွား၊ သူတို့ ဧည့်ခံကျွေးတဲ့ အညာက ပုဂံလက်ဖက်သုပ်ကို အားရပါးရ စားရင်းနဲ့ ယွန်းထည်လုပ်တဲ့ အကြောင်း စကားစပ်မိပြီး ဟိုမေး ဒီမေး မေးမိပါတယ်။
ဦးစန်းမြင့် ယွန်းထည်လုပ်တဲ့အကြောင်း နည်းနည်းပြောပြစမ်းပါဗျာ ဆိုတော့ 'ယွန်းထည် ဆိုတာ ဝါး ဒါမှမဟုတ် မြင်းမြီးကို အခြေခံတာ ဆရာရဲ့၊ ဝါးကို သေးသေးလေးတွေ နှီးမျှင်လေးတွေ လို ဖြစ်အောင် လုပ်ပြီး လိုချင်တဲ့ပုံ ဖော်တာ။ အဲလိုမဟုတ်ရင်လည်း မြင်းမြီးနဲ့ နှီးနဲ့ ရောပြီး ယွန်းအခြေခံ အကြမ်းထည်တွေလုပ်ရင်လည်း လုပ်တယ်လေ။ ခွက်၊ လင်ပန်း၊ ယွန်းအုပ်ပုံ ဆန်ခါတွေကို ဖော်ချင်သလို ပုံစံဖော်ရတာပေါ့။ စိတ်ကူးရရင် ရသလို ဒီဇိုင်းအသစ်တွေ ထွင်ရတာပေါ့ ဆရာရယ်။ သမားရိုးကျ ပုံစံတွေကို လုပ်ရင်းကနေ ပါရမီရှိတဲ့ ကလေးတွေက လက်စွမ်းပြ ပုံဆန်းလေးတွေ ထွက်လာတာပေါ့။ အဲလို ဝါး၊ မြင်းမြီး အခြေခံ ပုံစံတွေရပြီးပြီဆိုတော့မှ အပေါ်ကနေ သစ်စေး သုတ်ရတယ်။ သစ်စေးဆိုတာကတော့ ဒီနေ့အထိ ရှမ်းပြည်နယ်မှာရှိတဲ့ သစ်စေးပင်က သစ်စေးကိုပဲ ကျွန်တော်တို့ သုံးနေတုန်းပါပဲ။
'အဲလို မည်းချိတ်နေတဲ့ သစ်စေးခပ်ထူထူ သုတ်ပြီးသား အကြမ်းထည် ယွန်းပစ္စည်းတွေရတော့မှ အပေါ်ယံ သစ်စေးသားတွေကို အုတ်ခဲ မီးဖုတ်နဲ့ တိုက်ပြီး ချောရတယ်၊ တိုးတက်လာရင်တော့ စက်တွေ၊ ကော်ပတ်တွေ သုံးပြီး ချောမှာပေါ့ ဆရာရယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဦးဘညိန်း မိသားစုလုပ်ငန်းမှာတော့ ဒီနေ့အထိ ရိုးရာမပျက် အဲလို အုတ်ခဲ မီးဖုတ်ကို သုံးပြီး လက်နဲ့ပဲ ချောတယ်'
'သစ်စေးကို ချောပြီးသား ပစ္စည်းတွေကို ဘာဆက်လုပ်ရသလဲဆိုတော့ အမဲရိုး မီးဖုတ်ထားတဲ့ ပြာနဲ့ပွတ်ရတယ်၊ ကျွန်တော်တို့ကတော့ တကယ့် အမဲရိုးကို မီးဖုတ်ထောင်းပြီး အမဲရိုးပြာလုပ် သုံးတာပါ၊ အဲဒီ အမဲရိုးပြာနဲ့ သုတ်လိုက်၊ ဆေးလိုက် ၁၂ ထပ်လောက် လုပ်တော့မှ သစ်စေး သုတ်ပြီးသား ယွန်းပစ္စည်းတွေ တော်တော်ကို ချောပြီး ခိုင်ခံ့သွားတာ၊ အဲဒီနောက်တော့ ဒီပစ္စည်းတွေက မြေတိုက်ထဲမှာ ၇ လလောက် ထားရတယ် ဆရာရဲ့၊ ယွန်းထည်လုပ်တယ်ဆိုတာ လွယ်တာ မဟုတ်ဘူး၊ အဲလို ထားလိုက်တော့မှ ဒီပစ္စည်းတွေဟာ ယွန်းထည်အနေနဲ့ ခိုင်ခိုင်ခံ့ခံ့ ဖြစ်လာတာ'
'မြေတိုက်ထဲက ထုတ်လာပြီးတော့မှ နီ၊ စိမ်း၊ ဝါ ဟင်္သပြဒါးဆေးနဲ့ အရောင်တင်ပြီး ယွန်းပစၨည်းကို ချောရတာပေါ့။
'ပြီးတော့မှ အဲဒီ ယွန်းပစ္စည်းပေါ်မှာ လက်နဲ့ ပန်းချီတွေကို ဆွဲရတာ၊ တကယ့်ကို လက်နဲ့ အသေးစိတ် ပန်းချီတွေ ပုံဖော်ဆွဲရတာ၊ ဆွဲတယ်ဆိုတာ ယွန်းပေါ်မှာ သံချောင်းလိုဟာမျိုးနဲ့ ခြစ်ပြီး ဆွဲတော့ လိုင်းတွေ ဖြစ်သွားတာပေါ့၊ အဲဒီပေါ်ကမှ လိုချင်တဲ့ အရောင်တင်ဆေးနဲ့သုတ်လိုက်တော့ လိုင်းလေးတွေထဲကို ဟင်္သပြဒါး ဆေးတွေဝင်သွားပြီး ပန်းချီပုံတွေ ပေါ်လာတယ်၊ ဒီလိုပဲ နောက်တစ်လိုင်း ဆွဲ၊ နောက် ဆေးအရောင်သုတ်နဲ့ ရောင်စုံပေါ်တဲ့ ယွန်းပန်းချီကားလို ဖြစ်သွားတာပေါ့၊ နောက်ဆုံး အဆင့် အရောင်တင်လိုက်တော့ ယွန်းအချောထည် ပစၨည်း ဖြစ်သွားတာပေါ့၊ ရွှေရောင် ပေါ်ချင်ရင် ရွှေကို သုံးပေါ့။
'ယွန်းထည်ပစ္စည်း တစ်ခုကို ဆရာတို့ အခု ကြည့်လိုက်တော့ ဘာမှမဟုတ်သလိုနဲ့ တကယ်တော့ ယွန်းပစ္စည်းတစ်ခု ရဖို့ တစ်နှစ်နီးပါး ကြာအောင် လုပ်ရတယ်လို့ပဲ ပြောရမှာပေါ့ ဆရာရယ်၊ ကျွန်တော် ဆရာ့ကို အခုပြောတာက ယွန်းလုပ်ငန်းရဲ့ ဖြစ်စဥ်ကို ဆရာ နားလည်အောင် အကြမ်းဖျင်း လောက်ပဲ ရှင်းပြတာ ဆရာရဲ့၊ တကယ့် ယွန်း လုပ်ငန်းက ဒီထက်တောင် အသေးစိတ်သေး တယ်'
'ပြောရဦးမယ်ဆိုရင် သူများတွေ ယွန်းထည် ဘယ်လိုလုပ်ကြလဲတော့ မသိဘူး၊ ကျွန်တော်တို့ မိသားစု ယွန်းလုပ်ငန်းကတော့ အခုထက်ထိ ပြည်တွင်းဖြစ် ပစ္စည်းတွေကိုပဲ အခြေခံပြီး မြန်မာ့ ရိုးရာ လက်မှု လုပ်ငန်းနဲ့ လက်ကိုပဲ အခြေခံတဲ့ ယွန်းလုပ်တဲ့ နည်းစနစ်တွေကို သုံးနေတုန်းပါပဲ၊ ခေတ်ပေါ်နိုင်ငံခြား ပစ္စည်းဆိုလို့ တရုတ်ကလာတဲ့ ဟင်္သပြဒါးနဲ့ ဆေးရောင်တွေကိုပဲ သုံးပါတယ်၊ ရှေးတုန်းကတော့ ဒီလို ယွန်းထည်သုံး အနီ၊ အစိမ်း ဆိုးဆေးတွေတောင် သဘာဝဆိုးဆေးတွေကို သုံးတာပါ၊ အခုထက်ထိတော့ ကျွန်တော်တို့က တတ်နိုင်သရွေ့ ရိုးရာနည်းစနစ်သုံး၊ ပြည်တွင်းဖြစ် ပစၨည်းတွေကို အခြေခံပြီး ယွန်းထည်တွေကို ထုတ်နေတုန်းပါပဲ' လို့ ဦးစန်းမြင့်က စိတ်ရှည် လက်ရှည် ယွန်းထုတ်လုပ်ပုံ နည်းစနစ်တွေကို အသေးစိတ် ရှင်းပြသွားပါတယ်။ အဲတော့မှ ကျွန်တော်လည်း ပုဂံကို အကြိမ်ကြိမ်ရောက်ပြီး ယွန်းထည်တွေကို ဝယ်နေပေမယ့် မြန်မာ့ရိုးရာ ယွန်းထည်ပစၨည်းတစ်ခု ဖြစ်လာဖို့ ဘယ်လို အဆင့်တွေ ခက်ခက်ခဲခဲကို ကျော်ဖြတ်လုပ်ဆောင် ရတယ်ဆိုတာ အကြမ်း နားလည်သွားပါတယ်။
ထိုင်းနိုင်ငံရောက်လို့ စတိုးဆိုင်တွေမှာ မြန်မာယွန်းထည် ပစ္စည်းတွေကို စျေးမတန်တဆ တင်ပြီး ရောင်းနေတာကို တွေ့ရရင် စိတ်ထဲမှာ တော်တော် လေး မခံချင် ဖြစ်မိပါတယ်။ သူတို့တစ်တွေ ငါတို့ နိုင်ငံက ယွန်းထည်တွေကို စျေးချိုချိုနဲ့ ဝယ်သွားပြီး သိပ်နားမလည်တဲ့ တိုးရစ် နိုင်ငံခြားသားတွေကို သူတို့နိုင်