သမ္မတ အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအကြိုညက Verizon Center စင်မြင့်ပေါ်မှာ Jonas Brothers နဲ့အတူ နေရာယူပြီးကြတဲ့အခါ အသက် ၁၀ နှစ်အရွယ်ရှိ ၅ တန်း ကျောင်းသူလေး မာလီယာရဲ့မျက်နှာဟာ မီးရောင်အောက်မှာ အထင်းသား ပေါ်လွင်နေပါတယ်။ သူမက အရွယ်နဲ့မမျှအောင် လူကြီးဆန်စွာပဲ လက်ဝှေ့ရမ်းပြီး ပရိသတ်ကို နှုတ်ဆက်လိုက်ပါတယ်။ ပြီးတော့မှ 'ယခု ကျွန်မ ဘာကစပြီး ပြောလို့ ပြောရမှန်း မသိပါဘူးရှင်၊ ဟောသည်ဘက် အစွန်အဖျားမှာ ရုတ်တရက် အသက်တောင် မရှူမိပါဘူး' ဆိုတဲ့ သီချင်းသံလေးကို သူမဆီက ကြားလိုက်ရပါတယ်။
အဲသည်နောက်မှာတော့ မာလီယာနဲ့အတူ အသက် ၇ နှစ်အရွယ်သာ ရှိသေးတဲ့ သူ့ညီမ ဆာရှာတို့ဟာ ဂျိုးဂျိုနပ်စ်နဲ့ ကခုန်ကြပါတယ်။ သူတို့လေးတွေရဲ့ သစ္စာဆိုပွဲ နွှဲကြတာဟာ ပရိသတ် ၁၄၀၀၀ ရဲ့ ရှေ့မှာပါ။ သူတို့နဲ့အတူ Miley Cyrus ရယ်၊ ဆယ်ကျော်သက် စတားဖြစ်တဲ့ Demi Lovato နဲ့ Keke Palmer ရယ် ပါဝင်ကကြပါသေး တယ်။ 'ကျွန်မတို့ ယခု အနာဂတ်ရဲ့ ဇာတ်ခုံပေါ်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ဟာ လူထဲက လူတွေပဲဆိုတာကို မေ့ထားတတ်ကြတယ်' လို့ ကလေးမလေးတွေနဲ့ စကားလက်ဆုံ ကျနေတဲ့ Palmer က People မဂ္ဂဇင်းကို ပြောပါတယ်။ ဒါပေမဲ့ သူတို့ဟာ အပြုအမူလေးတွေ စရိုက်တွေ ပိုပြီး ထူးခြားတာကလွဲလို့ ကျွန်မရဲ့ အစ်ကို အစ်မတွေနဲ့ အတူတူပဲလို့ ဆိုပါတယ်။
မာလီယာနဲ့ ဆာရာဟာ သူတို့ရဲ့ ဖခင်ဖြစ်သူ Barack Hussein Obama ၄၄ ဦးမြောက် အမေရိက သမ္မတဖြစ်လာတဲ့ ကျမ်းသစ္စာကျိန်ဆိုမယ့်ပွဲ ထူးခြားတဲ့ကာလ ၃ ရက်ရဲ့ အလယ်ရက် မှာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ကလေးမလေးများအဖြစ် သည်ကပွဲက အခွင့်အရေးတစ်ရပ် ရရှိခဲ့ ပါတယ်။ သူမတို့နှစ်ယောက်ဟာ သမ္မတ ဂျင်မီကာတာရဲ့ သမီးလေးဖြစ်တဲ့ Amy Carter ပြီးရင် ရှီကာဂိုကနေ အိမ်ဖြူတော်ကို ရောက်လာတဲ့ အငယ်ဆုံး ညီအစ်မနှစ်ဦးပါ။ ယခုကစပြီး သူတို့လေးတွေရဲ့ ဘဝသစ်ကို အိမ်ဖြူတော်မှာ စတင်ကြတော့မှာ ဖြစ်ပါတယ်။
ကမ္ဘ့ာအာရုံစိုက်မှုတွေက သူတို့နှစ်ယောက်အပေါ် လွှမ်းမိုးကျရောက်နေတဲ့အချိန်မှာ မာလီယာနဲ့ ဆာရှာဟာ သူတို့ရဲ့ ကလေးသဘာဝအသိနဲ့ ရယ်စရာ မောစရာတွေကို ထိန်းသိမ်းပြီး ခန့်ညားထည်ဝါတဲ့ အနေအထားနဲ့ ပွဲတော်ကို ဆင်နွှဲကြပါတယ်။ ကလေးဆန်တဲ့ အပြုအမူတွေကို သူတို့က ထိန်းထားနိုင်ကြတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖီလာဒဲဖီးယားကနေ ဝါရှင်တန်ကိုအသွား သမ္မတလင်ကွန်း အငွေ့အသက်လွှမ်းတဲ့ ရထားခရီးစဥ်မှာ ဘာလ်တီမိုးကိုရောက်တော့ မာလီယာနဲ့ ဆာရှာဟာ ကင်ဆပ်မြို့ကနေ သူတို့လေးတွေနဲ့အတူ ဖိတ်ကြားခြင်းခံရတဲ့ အိုဘားမားကို ထောက်ခံသူ Alicia Girardeau ရဲ့ သမီးကို သူတို့နဲ့ ဘာတွေပြောသလဲမေးတော့ သူတို့ဟာ မီရှယ်လ်ရဲ့ မွေးနေ့အတွက် ရထားတွဲကို အလှဆင်နေကြတာ' လို့ ပြောကြောင်း Girardeau က ပြောပြပါတယ်။ သူတို့ အဲသည်ကနေ ပြန်လာပြီးတဲ့အခါ ၃ နာရီ ကြာတဲ့အထိ ဂိမ်းတွေ ကစားကြတယ်။ ပဟေဠိတွေ အဖြေညှိကြတယ်။ သူတို့ ညီအစ်မနှစ်ယောက်ဟာ ဖော်ရွေပြီး သိပ်ကို ပွင့်လင်းကြပါတယ်။
မာလီယာဟာ ဘယ်သွားသွား ကင်မရာ အမြဲယူသွားလေ့ရှိပါတယ်။ ဓာတ်ပုံဆရာတွေက စိတ်ရှုပ်စရာကောင်းတယ်ဆိုပြီး သူ့ဖခင်အိုဘားမားကို မာလီယာက ကိုယ်တိုင် ဓာတ်ပုံတွေ ရိုက်ပါတယ်။ သူ့ညီမနဲ့ Girardeau ရဲ့ သမီးတွေရော သူက ဓာတ်ပုံရိုက်တယ်။ နောက်တစ်နေ့မှာ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံမှာ ကျင်းပတဲ့ ကျမ်းကျိန်ပွဲ အကြိုကပွဲညမှာတော့ ဓာတ်ပုံ မရိုက်လိုက်နိုင်ပါဘူး။ သူမနဲ့ ဆာရှာဟာ ပြင်းထန်လွန်းတဲ့ အအေးဒဏ်ကြောင့် စောင်တွေ ခြုံပြီး တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်နေကြရတယ်။ သူတို့မိဘတွေကတော့ အဆိုတော် Mary J.Blige နဲ့ Bruce Springsteen ဆီကို သွားကြပါတယ်။
မီရှယ်လ်အိုဘားမားက သူ့သမီးနှစ်ယောက်လုံးကို သာမန်လူတွေနဲ့မခြား သဘာဝအတိုင်း နေထိုင်ဖို့ ထပ်တလဲလဲ ဆုံးမတတ်ပါတယ်။ စည်းကမ်းတွေ သတ်မှတ်ပေးထားပေမယ့် အဲသည်ထဲက တစ်ခုကိုတော့ လျှော့ပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဇန်နဝါရီလ ၂၁ ရက်မှာ မာလီယာနဲ့ ဆာရှာဟာ ကျောင်းက ခွင့်တစ်ရက်ရမှာပါ။ အဲဒါပြီးရင် အိမ်ဖြူတော်မှာ ကျင်းပမယ့် သူတို့ကလေးတွေရဲ့ ပါတီအတွက် အချိန်ပေးရပါဦးမယ်။ အဲသည်ပွဲမှာ သူတို့ သူငယ်ချင်းတွေ ဒါဇင် အနည်းငယ်လာရောက်ကြပြီး HSM 3 နဲ့ Bolt ကို ကြည့်ကြပါမယ်။ သည့်အပြင် Jonases က လူတွေကိုလည်း လက်ခံတွေ့ဆုံကြရပါဦးမယ်။
သူတို့ရဲ့ နေရာသစ်မှာ အခြေကျပြီးရင် အားလုံး အဆင်ပြေသွားပါပြီ။ သူတို့ရဲ့ အိမ်သစ်မှာ နေသားတကျ နေရာချထားပြီးတဲ့အခါ သမ္မတ မိသားစုဟာ အိမ်ဖြူတော်ရဲ့ တောင်ဘက်လမ်းအတိုင်း လမ်းလျှောက်ထွက်လာကြပြီး ကျမ်းသစ္စာကျိန်ဆိုပွဲ စစ်ရေးပြကို ကြည့်ကြပါလိမ့်မယ်။ ဆာရှာဟာ ပြုံးရယ်ပြီး သူ့ဖခင်ရဲ့ လက်ကို တွဲလောင်းခိုစီးလိုက်ပါတယ်။ မာလီယာနဲ့ မီရှဲလ်ကတော့ လက်ချင်းချိတ်ပြီး သူတို့နောက်ကနေ လျှောက်လာနေလေရဲ့။ သူတို့ရဲ့ အိမ်တော်အသစ်ကို ဝင်လာပြီး ခဏနေတော့ မီရှဲလ်က 'တို့တော့ ဒီနေရာကို ရောက်လာပြီဟေ့' လို့ ဆိုပါတယ်။ ပြီးတော့ သူမရဲ့ဝန်ထမ်းတွေနဲ့ သူငယ်ချင်းတွေကို 'ဒါတို့ရဲ့ အိမ်ပဲဟေ့' လို့ ဆိုလိုက်ပါတယ်။